Spread the love

ရှမ်း၊ ဇူလိုင်(၅)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လာရှိုးမြို့က လူနေရပ်ကွက်တွေထဲကို လက်နက်ကြီးကျည်တွေကျလို့ စစ်ရှောင်လူဦးရေပိုများလာပေမယ့် ဒီနေ့(ဇူလိုင်၅)ရက်နေ့ မနက်ပိုင်းအထိ မြို့အဝင်အထွက် လုပ်လို့ရသေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“လားရှိုး-စဉ့်အင်-ပန်ညု-နမ့်လန်-ကျောက်ဂူ-နောင်ချို-ဘန့်ဘွေး-ပြင်ဦးလွင်-မန္တလေးလမ်းအတိုင်း သွားလို့ရသေးတယ်၊ အင်တာနက်ရော ဖုန်းလိုင်းရော တော်တော်လေးတော့ ဆိုးနေတယ်၊ မနက်က စဉ့်အင် ဖောင်ဆိပ်ရေထဲ မြောသွားပေမယ့် အခုပြန်သုံးလို့ရသေးတယ်၊ စားသောက်ကုန်ဆိုင်တွေ၊ ဆေးဆိုင်တွေတချို့လည်း ပိတ်ထားတော့ အစားအသောက်နဲ့ ဆေး ဝယ်ဖို့အတွက်တော့ ခက်နေတယ်” လို့ လာရှိူးမြို့ခံ တစ်ယောက်က ပြောပါတယ်။

အခုလ(ဇူလိုင်၃)ရက်နေ့ကစပြီး ကိုးကန့်တပ်မတော်(MNDAA)နဲ့ မဟာမိတ် ပူးပေါင်းတပ်တွေက လာရှိူးမြို့ အနီးမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို စတင်ခိုက်ခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့သလို လက်နက်ကြီးကျည်တွေနဲ့ ရှော့တိုက်ဒုံးတွေ လူနေရပ်ကွက်တွေထဲ ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဝါဒဖြန့်သတင်းတွေမှာတော့ လားရှိုးမြို့ တိုက်ပွဲနှစ်ရက်အတွင်း MNDAA က မြို့အတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ကလေးငယ် အပါအဝင် ဒေသခံပြည်သူ (၁၄)ယောက် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာသူများတယ်လို့ ရေးသားဖော်ပြနေပါတယ်။

လက်ရှိအချိန်မှာ ဒေသတွင်းသတင်းအရင်းမြစ်တွေရဲ့ သတင်းဖော်ပြချက်တွေအရ လားရှိုးမြို့အနီးက စစ်ကောင်စီစခန်းတချို့ကို ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပေမယ့် တိုက်ပွဲဦးဆောင်နေတဲ့ ကိုးကန့်တပ်မတော် (MNDAA) နဲ့ ရှမ်းတပ်(SSPP/SSA) တို့ကတော့ သတင်းဖော်ပြထားတာ မတွေ့ရသေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *