ရန်ကုန်၊ ဇန်နဝါရီ (၇)
အကြမ်းဖက်မှုတွေ ပြုလုပ်နေတဲ့ စစ်ခေါင်းဆောင်ကို လူ့အသိုက်အဝိုင်းက ဖယ်ကျဉ်ထားတဲ့အတွက့် ကမ္ဘောဒီးယား ဝန်ကြီးချုပ် အနေနဲ့ စစ်ခေါင်းဆောင် နဲ့ တွေ့ဆုံမှုဟာ မြန်မာနိုင်ငံက ပြည်သူလူထုအတွက် အကျိုးတစ်စုံတစ်ရာ မရှိနိုင်ဘူးလို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ပြောပါတယ်။
မြန်မာ့အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရဲ့ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN ခေါင်းဆောင်ဟာ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ နဲ့ အတူ မြန်မာနိုင်ငံကို ဒီနေ့ ဇန်နဝါရီ (၇) ရက်နေ့မှာ နေပြည်တော်ကို ရောက်ရှိခဲပြီး မြန်မာနိုင်ငံမှာ နှစ်ရက်ကြာ နေထိုင်သွားမှာဖြစ်ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တွေကို အာဆီယံအဖွဲ့ရဲ့ တိုးတက်တာ တွေနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးသွားမယ့်အပေါ်မှာ CRPH က အခုလို တုန်ပြန်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားအတွက် ထိရောက်တဲ့ တွေ့ဆုံဆွေးနွေးတွေနဲ့ ငြိမ်းချမ်းစွာအဖြေရှာနိုင်ဖို့ အာဆီယံ ခေါင်းဆောင် တွေက သဘောတူညီထားတဲ့ ဘုံသဘော တူညီချက် (၅) ချက်အပေါ် လုံးဝပူးပေါင်းဆောင်ရွက်ခြင်း မရှိတဲ့ အာဏာသိမ်းခေါင်းဆောင်နဲ့ တွေ့ဆုံဆွေးနွေးမှုအပေါ် မြန်မာပြည်သူတွေက အလွန်ဒေါသထွက်နေတယ်လို့ ဒီနေ့ CRPH ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
မြန်မာနိုင်ငံရဲ့ အရေးကိစ္စရပ်တွေ နဲ့ ပတ်သက်ပြီး မြန်မာပြည်သူလူထုက ဆန္ဒမဲပေးရွေးချယ်ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့အပါအဝင် တရားဝင် အဖွဲ့အစည်း တွေနဲ့သာ ပူးပေါင်းဆောင်ရွက်ဖို့ သူတို့က ထပ်မံတိုက်တွန်း ပြောဆိုထားပါသေးတယ်။