Spread the love

ရန်ကုန်၊စက်တင်ဘာ(၁၆)

မြန်မာနိုင်ငံအတွင်းက ပြည်သူတွေအဆိုးရွားဆုံး ရေဘေးဒဏ်ခံနေရချိန်မှာ အာဏာသိမ်း ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း က နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးရေလျှံမှုတွေကို လိုက်လံစစ်ဆေးခဲ့ပြီး ဆေးရုံမှာတက်ရောက် ကုသနေသူတွေကို သွားရောက်ကြည့်ရှု့ခဲ့တယ်လို့ စစ်ကောင်စီဘက်က ဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်က ဖော်ပြထားတဲ့ သတင်းဓါတ်ပုံတွေမှာ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဟာ ခေါက်ဆွဲခြောက် ၄ ထုပ်၊ အချိုရေတစ်ဗူးနဲ့ ရေသန့်တစ်ဗူးပါဝင်တဲ့ ကော်ခြင်းငယ်တစ်ခုကို ဆေးရုံတက်ကုသနေသူတွေကို လက်ဆောင်ပေးအပ်နေတာ လည်းတွေ့ရပါတယ်။

စစ်ကောင်စီက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခံခွဲမှုကော်မတီကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့မှာ ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး အာဏာသိမ်းဒုတိယ စစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကို စီမံခံခွဲမှုကော်မတီဥက္ကဌ အဖြစ်ခန့်အပ်ခဲ့တာပါ။

အဲ့ဒီကော်မတီက ပြုလုပ်တဲ့ လုပ်ငန်းညှိနှိင်း အစည်းအဝေးကလည်း ရေဘေးသင့်ပြည်သူတွေကို အလှုရှင်တချို့က တစ်နိုင်တစ်ပိုင် လာရောက်လှူဒါန်းနေပေမယ့် စနစ်တကျနဲ့ အညီအမျှဖြစ်စေဖို့အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခံခွဲမှုကော်မတီကို ဆက်သွယ်ပြီး လှူဒါန်းကြဖို့ တိုက်တွန်းထားပါတယ်။

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက နေပြည်တော် အပါအဝင် ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီးကနေရာတချို့ အပါအဝင် မြို့နယ် ၅၆ မြို့နယ်မှာ ရေကြီး၊ ရေလျှံမှုတွေဖြစ်နေပြီး နိုင်ငံတစ်ဝန်းလုံးမှာ သေဆုံးသူ (၁၁၃) ယောက်ရှိတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စစ်တပ်ကို အားပေးထောက်ခံနေတဲ့ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ နဲ့အဖွဲ့က ရေဘေးသင့်ပြည်သူတွေကိုထားတဲ့ ပုဗ္ဗသီရိမြို့နယ်က ရေဘေးရှောင်စခန်းကို သွားရောက်ပြီး ခေါက်ဆွဲခြောက်နှစ်ထုတ်နဲ့ ရေသန့်ခြောက်ဘူးထောက်ပံ့ပေးခဲ့ပါသေးတယ်။

အခုလ စက်တင်ဘာ ၉ ရက်က စပြီး ‘ရာဂိ’ တိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံ ဒေသအများအပြားမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးတဲ့နောက် ရှမ်းပြည်နယ် ၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်း ၊နေပြည်တော်က ဇေယျာသီရိ၊ ပျဉ်းမနား၊ တပ်ကုန်းစတဲ့ မြို့နယ်တွေမှာ အဆိုးရွားဆုံး ရေဘေးနဲ့ ကြုံတွေ့ခဲ့ရတာပါ။

Leave a Reply

Your email address will not be published. Required fields are marked *