Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၈)

ကရင်ပြည်နယ်၊ မြဝတီမြို့ ကနေ လေယာဉ်ဆီတွေ တင်လာတဲ့ စစ်ကောင်စီ ကားနှစ်စီးကို အာရှလမ်း ကျိုက်ဒုံလမ်းဆုံ အနီးမှာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA က တိုက်ခိုက်တားဆီးလိုက်လို့ တစ်စီးမီးလောင် သွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ် ဆီက သိရပါတယ်။

“၆နာရီခွဲကနေ ည ၉နာရီလောက်အထိ ပစ်ခတ်မှုတွေ ဖြစ်တယ်။ ဒီညနေမှာ လေယာဉ်ဆီသယ်ပြီး ပြန်ဆင်းလာတဲ့ ကားနှစ်စီးကို လမ်းကြောင်းဖြတ်တောက်ဖို့ KNLA တပ်ဖွဲ့က သွားတိုက်တာ။ စစ်ကောင်စီက လူထုကို လေယာဉ် နဲ့ ပစ်ခတ်နေလို့ ဒါကို ဖြတ်ဖို့လုပ်တာ” လို့ KNU/KNLA နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

မနေ့ ညပိုင်းက အာရှလမ်း အတိုင်း မြဝတီမြို့ ကနေ ကော့ကရိတ်ဘက်ကို ဆင်းလာတာတဲ့ KNLA နဲ့ အကြမ်းဖက်စစ် ကောင်စီတပ်အကြား အကြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ခဲ့ပါတယ်။
တိုက်ပွဲဖြစ် တဲ့ နေရာကို အကြမ်းဖက်စစ်တပ် က စစ်ကူတပ်တွေ သွားရောက်ခဲ့လို့ တိုက်ပွဲအနီးက နီးစပ်ရာ ရွာတွေက ပြည်သူတွေ ညတွင်းချင်း ကြိုတင်တိမ်းရှောင်ခဲ့ကြရပါတယ်။

အကြမ်းဖက်စစ်ကောင်စီ က ထိုင်းနိုင်ငံ ဘက်ကနေ လေယာဉ်ဆီ တွေ တင်သွင်းနေတယ် သတင်းရလို့ KNLA က အခုလို သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဖက်ထိခိုက်ကျဆုံးတာ မရှိဘူးလို့ သိရပါတယ်။