Spread the love

ရန်ကုန်၊ ဇန်နဝါရီ ၈

ကရင်ပြည်နယ်၊ ကော့ကရိတ် အခြေစိုက် အကြမ်းဖက် စစ်ကောင်စီတပ် ခမရ (၉၇) အမြှောက်တပ်က ဒီနေ့မနက် (၈) နာရီလောက်ကစပြီး လက်နက်ကြီး နဲ့ ရမ်းပစ်နေလို့ ဒေသခံပြည် (၇) ဦး ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်း အပါအဝင် နေအိမ်တချို့ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

“ဒီနေ့ မနက် (၈) နာရီလောက်ကနေ စပစ်နေတာ၊ ကော့ကရိတ်အပြင်ဘက် အာရှလမ်းမဘက်မှာ၊ လက်နက်ကြီး သံရော၊ အပြန်အလှန် ပစ်ခတ် သံရောပဲ။ ၉ နာရီ ကျော်လောက်အထိ ပစ်တယ်။ အဲအချိန်မှာ နည်းနည်း ငြိမ်သွားတယ်။ နောက်ပိုင်းတော့ ကျနော်လဲ မသိတော့ဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အကြမ်းဖက် စစ်ကောင်စီ က တပ်စခန်းရှိရာ နေပူခံကုန်း ကနေ လက်နက်ကြီး နဲ့ ရမ်းပစ်လို့ အာရှလမ်းမကြီး ရဲ့ အရှေ့ဘက်မှာရှိတဲ့ ကော့နွဲ့ကျေးရွာ အုပ်စုက မြို့ဟောင်းရွာ ကို ထိမှန်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အကြမ်းဖက်စစ်တပ် ရဲ့ လက်နက်ကြီး ကျည်ထိမှန်လို့ အသက် (၇၀) အရွယ်အဖွား (၂) ဦး အပါအဝင် ပြည်သူ (၇) ဦး၊ ဘုန်းကြီးကျောင်း တစ်ကျောင်း နဲ့ နေအိမ် (၂) လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။