Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၁၂)

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ အနေနဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် တွေ ကျူးလွန်လျက်နေတဲ့ အကြမ်းဖက်လုပ်ရပ် တွေကို ပြည်သူအားလုံး နဲ့ ကမ္ဘာ က သိရှိနိုင်ရေး ဆောင်ရွက်ပေးနေတာတွေအတွက် မြန်မာပြည်သူများကိုယ်စားကျေးဇူးတင်တယ်လို့ ပြည်ထောင်စုလွှတ်တော်၊ လွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က ပြောပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ် တွေ ကျူးလွန်နေတဲ့ လူ့အခွင့်ရေးချိုုးဖောက်မှုတွေ၊ ရာဇဝတ်မှုတွေ နဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက နိုင်ငံတကာဥပဒေ တွေနဲ့ အညီ တရားဆွဲဆိုနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေတ့အတွက် ကူညီပေးနိုင်တဲ့ ကဏ္ဍတွေကနေ ပူးပေါင်းဆောင်ရွက်ပေးကြဖို့ မနေ့ညနေပိုင်းမှာ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ နဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြံပေးကောင်စီ အစည်းအဝေးမှာ သူက အခုလို တိုက်တွန်းပြောဆိုခဲ့ပါတယ်။

CRPH ၊ NUG ဟာ ပိုမိုကောင်းမွန်တဲ့ နည်းလမ်းတွေနဲ့ နိုင်ငံတကာအသိုက်အဝန်းက တရားဝင် အသိမှတ်ပြုမှု၊ စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု၊ လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာ အကူအညီ ပေးအပ်ရေးတွေအတွက် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

မြန်မာပြည်သူတွေကို ကူညီပေးတာ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ CRPH ၊ NUG တို့ကို ကူညီအားပေးတာတွေဟာ ထိရောက်တဲ့ ကူညီမှုတွေ ဖြစ်တယ်လို့ သူက ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ ကလည်း အမျိုးသားညီညွတ်ရေးကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ တွေရဲ့ အခန်းကဏ္ဍ၊ ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်မှုတွေ၊ နိုင်ငံရေးမူဝါဒတွေ၊ အာဆီယံ နဲ့ နိုင်ငံတကာ ကိစ္စရပ်တွေအပေါ်မှာ အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။