Spread the love

ရန်ကုန်၊ ဇန်နဝါရီလ (၂၃)

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ အင်မထီးရွာ က ပျုစောထီးသင်တန်းတက်ဖို့ လိုက်လံစည်းရုံးနေသူ တစ်ဦး အသတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပျူစောထီးသင်တန်းတက်ဖို့ လိုက်လံစည်းရုံးနေသူလို့ နာမည်ကြီးနေတဲ့ အင်မထီးရွာသား ဆန်းနိုင်ဝင်း ဟာ မနေ့ညပိုင်းက အသတ်ခံလိုက်ရတာဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ် က ပုလဲမြို့နယ်၊ အင်မထီးရွာ နဲ့ ဇီးဖြူကုန်းရွာ မှာ ပျူစောထီးသင်တန်းပေးနေတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီ က ပေးတဲ့ ပျူစောထီးသင်တန်းကို တက်ရောက်ပါက ပြင်းထန်စွာအရေးယူသွားမယ်လို့ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် က ပြီးခဲ့တဲ့ ဇန်နဝါရီ (၂၁) ရက်နေ့က သတိပေးထားပါသေးတယ်။

ပုလဲမြို့နယ် အတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ် က အင်းအားအများအပြားနဲ့ တစ်ရွာဝင်တစ်ထွက် လိုက်လံ ဖမ်းဆီးသတ်ဖြတ်နေလို့ ဒေသခံပြည်သူထောင်ပေါင်းများစွာ က ထွက်ပြေးပုန်းရှောင်နေကြရပါတယ်။