ရန်ကုန်၊ဇန်နဝါရီ(၂၆)
စစ်အာဏာသိမ်းတာ တစ်နှစ်ပြည့်တဲ့ ဖေဖော်ဝါရီလ(၁) ရက်နေ့ မှာ စစ်အာဏာရှင် အလိုမရှိကြောင်း ပြသတဲ့အနေ နဲ့ ပြည်သူတွေပြုလုပ်ကြမယ့် Silence Strike (အသံတိတ်သပိတ်) မှာ ပါဝင်သူတွေကို စစ်ကောင်စီအဖွဲ့က သူတို့ထုတ်ပြန်ထားတဲ့ အမိန့် ကြေညာချက်အမျိုးမျိုး နဲ့ အရေးယူဆောင်ရွက်မယ်လို့ မြဝတီမြို့အတွင်း မနေ့ကညနေမှာ လိုက်လံကြေညာခဲ့တယ်လို့ သိရပါတယ်။
“မနေ့ကညနေပိုင်းမှာ ရပ်ကွက်တွေမှာ ကားနဲ့လိုက်အော်တယ်၊ NUG /CRPH/PDF တွေ ဟာ အကြမ်းဖက် အဖွဲ့အစည်းတွေဖြစ်လို့ အဲ့အဖွဲ့တွေ ကို ထောက်ခံပြီး အသံတိတိသပိတ်မှာ ပါဝင်တဲ့ဆိုင်တွေ ကို စည်ပင်ဥပဒေ နဲ့ ဆိုင်တွေကိုပိတ်မယ်၊ လူတွေဆိုရင် သူတို့ထုတ်ထားတဲ့ အမိန့်တွေ နဲ့ အရေးယူမယ်ဆိုပြီး လိုက်ကြေညာတယ်” လို့ အမည်မဖော်လိုတဲ့ မြဝတီမြို့ခံတစ်ဦး က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် မတ်လ နဲ့ ဒီဇင်ဘာလ တွေအတွင်းမှာ ပြည်သူတွေ ဆင်နွှဲခဲ့ကြတဲ့ အသံတိတ်သပိတ် တွေမှာ တစ်တိုင်းပြည်လုံး က ပါဝင်ခဲ့ပြီး တည်ငြိမ်းအေးချမ်းနေပြီလို့ အတွင်တွင်အော်နေတဲ့ စစ်အုပ်စုအတွက်တော့ ကြီးမားတဲ့လူထုတော်လှန်မှုဖြစ်ခဲ့တာပါ။
Silence Strike (အသံတိတ်သပိတ်) ပြုလုပ်ခြင်း၊ လက်ခုပ်တီး၊ သံပုံးတီးခြင်း အပြင် ကားဟွန်းတီးတဲ့ အသံထွက်သပိတ်တွေ ပြုလုပ်ပါက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီး ပုဒ်မ ၁၂၄-က၊ ပုဒ်မ ၅၀၅-က၊ အီလက်ထရော နစ်ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ (က) အပြင် တခြား တည်ဆဲဥပဒေတွေ နဲ့ အရေးယူခံရနိုင်တယ်လို့ စစ်ကောင်စီဘက် က သတိပေးထုတ်ပြန်ထားပါတယ်။
ရန်ကုန်မြို့ အခြေစိုက်တော်လှန်ရေးအင်အားစုတွေ ကလည်း ပြည်သူတွေအနေနဲ့ Silence Strike (အသံတိတ်သပိတ်) မှာပါဝင်ကြပြီး တော်လှန်စိတ် နဲ့ ဆက်လက်ချီတက်ကြ၊ မိစ္ဆာတပ်ယန္တရား ကို ဖြိုဖျက်ကြ၊ ဖက်ဒရယ် နဲ့ တည်ဆောက်ကြပြီး အာဏာဖီဆန် အုပ်ချုပ်မခံ မြိုပျက်သဏ္ဍာန်ဖော်ဆောင် ကြဖို့နှိုးဆော်ထားပါတယ်။