Spread the love

ရန်ကုန်၊ဇန်နဝါရီ(၂၉)

မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပြဿနာတွေဟာ ကြီးမားလေးနက်ပေမယ့် နိုင်ငံတကာအသိုင်းအဝိုင်း အနေနဲ့ အရေးတကြီး ဆောင်ရွက်ရမယ့် ကိစ္စလိုမျိုး သဘောမထားခဲ့သလို စစ်တပ်ကအာဏာသိမ်းတာ ကို တစ်ကမ္ဘာလုံးက ဝေဖန်အပြစ်တင်ရုံကလွဲပြီး ထိထိရောက်ရောက် မဆောင်ရွက်ခဲ့ဘူးလို့ ကုလလူ့အခွင့်အရေးမဟာမင်းကြီး မစ်ချဲလ် ဘက်ချလက် က ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံ မှာ စစ်တပ်က အဓမ္မအာဏာသိမ်းယူခဲ့တာ တစ်နှစ်ပြည့်မြောက်ဖို့ ရက်ပိုင်းအလိုမှာဘဲ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နာမင်းကြီး က အခုလိုပြောဆိုလိုက်တာပါ။

“စစ်တပ်က အရပ်သား၊ ပြည်သူလူထုကို အကြမ်းဖက်တိုက်ခိုက်နေတာတွေကို ရပ်တန့်ပြီး အရပ်သားအစိုးရ လက်ထဲကို အာဏာပြန်လည် ရောက်ရှိနိုင်ရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက ဖိအားပေးဖို့လိုအပ်တယ်” လို့ သူက ပြောပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ နဲ့ အာဆီယံအဖွဲ့တွေ အနေနဲ့ စစ်ခေါင်းဆောင်တွေ ကို နားချခဲ့တာလည်း ဒီလောက်နဲ့ လုံလောက်နေပြီး လူ့အခွင့်အရေး၊ ဒီမိုကရေစီပြန်လည်ရရှိဖို့ လိုအပ်နေတဲ့အပြင် လူ့အခွင့်အရေးကို စနစ်တကျ ချိုးဖောက်တဲ့လူတွေကိုလည်း အရေးယူဖို့ အချိန်တန်နေပြီလို့ သူက တိုက်တွန်းပြောဆိုလိုက်ပါတယ်။