Spread the love

ရန်ကုန်၊ မေ (၁)

တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေကြားက ပြဿနာတွေကိုလည်း အမြန်ဆုံးဖြေရှင်းပေးနိုင်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ ယန္တရားအဆင့်ဆင့်ကနေ စီမံကြပေးမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ကပြောပါတယ်။

“ဒီလိုပြဿနာတွေ ကို မဖြေရှင်းနိုင်ရင် ကျွန်တော်တို့ တည်ဆောက်နေတဲ့ အုပ်ချုပ်ရေးယန္တရားရဲ့ ကောင်းမွန်စွာ လုပ်ဆောင်နိုင်မှုအပေါ် အများကြီး ထိခိုက်လာနိုင်တာမို့ ဝန်ကြီးများအားလုံး ဂရုပြု အားစိုက် ကြရမယ့် ကိစ္စပဲ ဖြစ်ပါတယ်။” သူက သတိပေး ပြောကြားခဲ့ပါတယ်။

အခုချိန်မှာ တော်လှန်ရေးအင်အားစုတွေ အချင်းချင်းကြားမှာ ဖြစ်စေ၊ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေကြားမှာပင်ဖြစ်စေ အသေးအဖွဲကိစ္စကစလို့ ကြီးမားတဲ့ ပြဿနာမျိုးတွေ မဖြစ်ကြဖို့ အင်မတန် အရေးကြီးတယ်လို့ မနေ့က ပြုလုပ်ခဲ့တဲ့ NUG အစိုးရအဖွဲ့ အစည်းအဝေးမှာ သူက ပြောဆိုခဲ့ပါတယ်။

“တော်လှန်ရေးကာလ စတင်စဉ်တုန်းကလည်း စတင်စဉ်အချိန်မို့ အခက်အခဲ အကြပ်အတည်းတွေနဲ့ ကြုံတွေ့ရသလို အခုလို တဆင့်ပြီး တဆင့် ကြိုးစားပြီး အောင်မြင်မှုဆီ ရောက်ခါနီးတဲ့အချိန်မျိုးမှာဆိုရင်လည်း တော်လှန်ရေး အင်အားစုတွေနဲ့ ပြည်သူတွေကြားမှာ ဝေဝါးသွားစေမယ့် သတင်းစကားတွေနဲ့ သွေးခွဲ၊ သပ်လျှိုမှုတွေကလည်း များသထက် များလာနေတာကို အားလုံးလည်း သတိထားမိ” မှာ ဖြစ်တယ်လို့ သူက ထောက်ပြပါတယ်။

စစ်ကောင်စီအနေနဲ့ သူတို့ရဲ့နောက်ဆုံး ထွက်သက်အထိ တော်လှန်ရေးအင်အားစုတွေ ကို တိုက်ခိုက်လို့ရနိုင်တဲ့ ဘက်ပေါင်းစုံကနေ တိုက်ခိုက်ရင်း ပြည်သူကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနေအုံးမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *