Spread the love

ရန်ကုန်၊ မေ (၁၇)

မြန်မာနိုင်ငံလူဦးရေ ထက်ဝက်နီးပါးက ဆင်းရဲမွဲတေမှု သတ်မှတ်မျဉ်း အောက်ကို ကျရောက်နေပြီး နိုင်ငံအတွင်းက အလယ်အလတ်ရှိတဲ့ လူလတ်တန်းစားတွေက တဖြေးဖြေး ပျောက်ကွယ်လာနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကပြောပါတယ်။

“နိုင်ငံအတွင်း ဒီမိုကရေစီပြန်လည်ရရှိရေးနှင့် တိုင်းပြည် တည်ငြိမ်ရေးသည် အရေးကြီးသည့်အချက်ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုမရှိဘဲ ငြိမ်းချမ်းမှု မရနိုင်သလို၊ ငြိမ်းချမ်းမှုမရှိဘဲ ဖွံ့ဖြိုးတိုးတက်မှု မရှိနိုင်” ဘူးလို့ သူက ပြောဆိုခဲ့ပါတယ်။

နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ မေလ (၁၄) ရက်ကနေ (၁၆) ရက်နေ့အထိ ပြုလုပ်ခဲ့တဲ့ “၂၀၃၀ အာဂျင်ဒါ အကောင်အထည်ဖော်ရေးတွင် စနစ်ကျသောရလဒ် ကောင်းများရရှိရန် ဘဏ္ဍာရေးဆိုင်ရာ ဦးစားပေးလုပ်ငန်းများ ဖော်ဆောင်ရေးဆွေးနွေးပွဲ” မှာ သူက အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီက တိုင်းပြည်ရဲ့ စီးပွားရေး၊ လူမှုရေးနဲ့ နိုင်ငံရေးမတည်ငြိမ်တာတွေ ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းဖြစ်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်တွေကို အကောင်အထည်ဖော်ချိန်မှာလည်း အဓိကအတားအဆီး ဖြစ်နေတယ်လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ၊ ဘဏ္ဍာငွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးချဲ့နိုင်ဖို့အတွက် အဓိက လိုအပ်ချက်မှာ တိုင်းပြည်တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေး ဖြစ်တယ်လို့ သူက ထောက်ပြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *