Spread the love

ရန်ကုန်၊ မေ (၁၇)

အာဆီယံဒေသတွင်း နိုင်ငံတွေမှာ တရားမဝင်ကုန်သွယ်မှုတွေ မြင့်တက်လာလို့ အစိုးရနဲ့ တရားဝင် စီးပွားရေးလုပ်ငန်းတွေ အနေနဲ့ ငွေကြေးဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကပြောပါတယ်။

“အစိုးရ အနေဖြင့် နိုင်ငံ့ဝင်ငွေ တိုးတက်ရရှိစေရေးအတွက် အကောက်ခွန်နှင့် ရသင့်ရထိုက် သည့် အခွန်အခများ ဆုံးရှုံးမှုမရှိစေရေး၊ ပြည်သူများအတွက် ဘေးကင်းစိတ်ချရသည့် ကုန်စည်များအတွက် အာမခံချက်ပေးနိုင်ရေးတို့ဖြစ်ပြီး တရားမဝင်ကုန်စည် များ လျော့နည်းပပျောက်စေရေး၊ နောက်ဆုံးအနေဖြင့် တရားမဝင်ကုန်သွယ်မှုကို လုံးဝ ကင်းစင်ပပျောက်သည်အထိ တိုက်ဖျက်ရေးတို့ကို အစိုးရအနေဖြင့် ဦးတည်ဆောင်ရွက်” သွားမှာ ဖြစ်တယ်လို့ မေလ (၁၅) ရက်နေ့က ပြုလုပ်တဲ့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ အစည်းအဝေးမှာ သူက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အဓိကကုန်သွယ်ဘက်နိုင်ငံတွေက တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဂျပန် စတဲ့ နိုင်ငံတွေဖြစ်ပြီး ကုန်သွယ်ဖက်နိုင်ငံတွေနဲ့ ကုန်သွယ်မှု ကွာခြားချက်ဟာ တစ်နှစ်မှာ အမေရိကန်ဒေါ်လာ ၆ ဘီလီယံကျော် ကနေ အများဆုံး ၁၂ ဘီလီယံအထိ ကွာခြားမှုရှိနေတယ်လို့ International Trade Centre (ITC) ဖော်ပြထားပါတယ်။

တရားမဝင်ကုန်သွယ်မှုကြောင့် ကမ္ဘာ့နိုင်ငံတွေရဲ့ ဝင်ငွေတွေဆုံးရှုံးမှုဟာ နှစ်စဉ်အမေရိကန် ဒေါ်လာ ၂ ထရီလီယံကျော်ရှိပြီး စိုက်ပျိုးရေးထုတ်ကုန်ဆိုင်ရာ တရားမဝင် ကုန်သွယ်မှုတန်ဖိုးမှာ နှစ်စဉ်အမေရိကန်ဒေါ်လာ ၃၀ ကနေ ၄၀ ဘီလီယံကြား ရှိနေတယ်လို့ ကမ္ဘာ့ကုလသမဂ္ဂ တွေ့ရှိချက်တွေအရ သိရပါတယ်။

အာဆီယံဒေသအတွင်းကို တရားမဝင် ဝင်ရောက်လာတဲ့ ကုန်ပစ္စည်း အတုအပတွေက နှစ်စဉ်အမေရိကန်ဒေါ်လာ ၃၅ ဘီလီယံဝန်းကျင်ရှိပြီး ဆေးဝါးအတုတွေကလည်း နှစ်စဉ်အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံဝန်းကျင်ရှိနေလို့ စီးပွားရေးအရ နစ်နာဆုံးရှုံးမှုအနေနဲ့ နှစ်စဉ်အမေရိကန် ဒေါ်လာ ၆ ဘီလီယံဝန်းကျင် ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *